Local News

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးထွန်းအုံ “ဝါသီးနှံမှ ဝါဂွမ်းနှင့် ချည် ပိုမိုထုတ်လုပ်ရေးနှင့် ပိုလျှံဝါဂွမ်းကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက် အမှာစကားပြောကြား

Last Updated:

နေပြည်တော်၊ မတ် ၆

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများအနက် ပြည်တွင်းသုံးစွဲ၍ ပိုလျှံသည့်ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်အနက် စီးပွားရေးဦးတည်ချက် ၃ ရပ်တွင် ပါဝင်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုး တက်အောင် တည်ဆောက်ရေး” ဦးတည်ချက်ကို အောင်မြင်စေရေးအတွက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ဝါသီးနှံစိုက်ပျိုးရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရန်၊ ဝါသီးနှံမျိုးကောင်းမျိုးသန့်အသုံးပြုနိုင်ရန်၊ ဝါဂွမ်းနှင့် ချည်ကို ပိုမိုထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းသုံးပြီး ပိုလျှံပါက နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာ တင်ပို့နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ် မှုလျာထားချက်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ၆၄၅,၇၁၂ ဧကနှင့် ၅၃၉,၆၅၆ တန် ထွက်ရှိရန် လျာထားသည်ဟု သိရပါကြောင်း၊ ဝါဂွမ်းတင်ပို့နိုင်ရေးအတွက်  အစိုးရ-ပုဂ္ဂလိကကဏ္ဍများမှပူးပေါင်း၍ အားထုတ်ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များမှ တက်ရောက်လာကြသူများအနေဖြင့် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ပို့ကုန်ဈေးကွက်များ ရှာဖွေမြှင့်တင်ရန်၊ ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်ရာတွင် မျှတသည့်ကုန်သွယ်မှု၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ရန် သက်ဆိုင်ရာအစိုးရဌာနနှင့်အသင်းအဖွဲ့များအားလုံးမှ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ကြိုးစားအကောင်အထည်ဖော်ကြရန် ပြောကြားခဲ့သည်။   

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် ကိုယ်စား လှယ် လုပ်ငန်းရှင်များ စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပိုလျှံဝါဂွမ်းကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News